မိုင်းပန် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များကို အ.လ.က(ခွဲ)(မြို့မ)ကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိရွှေစင်လတ်က ယခုလိုကျောင်းသား/ကျောင်းသူများအား ကွင်းဆင်းဟောပြောရသည့်အကြောင်းမှာ အထိမ်းအမှတ်နေ့များကို သိရှိစေရန်၊ မူးယစ်ဆေးဆိုတာဘာလဲ၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိစေရန်ရည်ရွယ်၍ ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊မြို့နယ်ရဲတပ်ဖွဲမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးကျော်ကျော် ကမူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင် ဖြစ်တတ်သောအန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင်တွေ့ရသော အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော တားမြစ်ဆေးဝါးများကို စမ်းသပ်ပြီးတော့ပဲဖြစ်ဖြစ် လုံးဝမပြုလုပ်ကြဖို့ တိုက်တွန်းခြင်းပါ ကြောင်းမူးယစ်ကင်းစင်မှ အနာဂတ်ဘဝသာယာလှပမည် ဖြစ်ကြောင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းထက်မှ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေအကြောင်းအရာများအား လည်းကောင်း၊ မြို့နယ်တရားသူကြီးမှ ကလေးသူငယ်များတွင် ရရှိနိုင်သည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ရာ အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး ပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျုဟာ(၂)ရပ်၊ နည်းဗျုဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီးကာကွယ်ရေးကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)