ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ညွှန့်ပင်ကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောပြသည်။
ပံတံဆိပ် ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါကငွေကျပ်(၆)သိန်းခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁၅၀)ပိဿာအထိခူးဆွတ်ရကြောင်း၊ (၂)ရက်ခြား တစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်တစ်ပိဿာငွေကျပ်(၁၂၀၀)ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် ပံတံဆိပ် ခရမ်းချဉ်မျိုးများ အဓိကထားစိုက်ပျိုးကြကြောင်းနှင့်တိုင်ထောင်စိုက်ပျိုးရသော အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားရကြောင်း ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ ရေအလေအလွင့် နည်းပါးစေရန်နှင့် ပေါင်းမြက်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလပ်စတစ် အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရ သည်။
သက်မောင်(ကျောက်ဆည်)