ပေါက်ခေါင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့က ရသေ့ကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုး သီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာသူများက သိရှိလိုသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အပင်ကိုင်းကူးစိုက်နည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာ မြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းများခပ်ပေးခဲ့ သည်။ အဆိုပါနည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်