တာချီလိတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲအုပ်မင်းဗိုလ်ဦးက မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၂၁)မှ ရဲအုပ်ထွဋ်နောင်နောင်ထွန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ယာဉ်မတော်တဆမှုကြောင့် ဖြစ် ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောပြီး ဆိုင်ကယ်စီးဦးထုပ်(၂၀)လုံးကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူလှိုင်ထံ ထောက်ပံ့ပေးအပ်သည်။
ထိုနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခဲ့ကြသည်။ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်း စာစောင်နှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အလားတူ မွန်းလွှဲ(၁)နာရီတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)