တွံတေး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဆက်လက်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တွံတေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရဟိတအသင်းတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက် ထားရှိပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး တွံတေးမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ဆေးထိုးရန် အကျုံးဝင်သူ (၁၇၅၈၁၆) ဦးတွင် ယမန်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ(၁၇၁၉၁၈) ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၂၀၄၉၃) ဦး၊ Booster Dose (ထပ်ဆောင်း)Third Dose ထိုးနှံပြီးသူ (၁၁၀၆၁) ဦးရှိ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (ပထမအကြိမ်)ထိုးနှံပြီးသူ (၁၈၉၆၁) ဦးရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၇.၇၈ % ရှိကြောင်း သိရှိရသည်။
တွံတေးသား