နေပြည်တော် ဇွန် ၂၂
သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အပတ်စဉ်(၅) သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သူနာပြုသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အမှာစကားပြောကြားရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်တဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ သားဖွား ဆရာ/ဆရာမများနှင့်ဆေးဘက်ဆိုင်ရာပညာရှင်တို့ကို လေ့ကျင့်မွေးထုတ်ပေးရာတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ်လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ နေပြည်တော်သူနာပြု သင်တန်းကျောင်းကို (၂၀၁၅)ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၆၂)ဦး မွေးထုတ်ပေးခဲ့ပြီး ယခုလက်ရှိ သင်တန်းသား၊ သင်တန်းသူ (၁၁၂)ဦး ပညာသင်ယူ လျက်ရှိကြောင်း၊ နေပြည်တော် သူနာပြုသင်တန်းကျောင်းသည် ပထမဦးဆုံး သူနာပြု-သားဖွား ပညာရေးအရည်အသွေး အာမခံမှုရရှိသော သူနာပြုသင်တန်းကျောင်းများထဲမှ(၁)ကျောင်း အပါအဝင်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝ၍ ဘက်စုံတော်ပြီး ပြည်သူများအားထားရသည့် သူနာပြု ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများက အသီးသီးအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ (၅၂)ဦးတို့အား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပြီး သင်တန်းသား/သင်တန်းသူများမှ သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများက အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)