မိုင်းခုတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး အကြောင်းအရာများကို အကျယ်တဝင့် ဆက်လက်ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းအမှား၊ သတင်းအမှန်အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိကာရှောင်ကျဉ်တတ်ကြစေရန်၊ လူငယ်ရေးရာနှင့်ပတ်သက်၍ ပြုမူ၊ လိုက်နာကျင့်သုံးရမည့် အကြောင်းအရာများကို သိရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)