လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်

လားရှိုး ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက  ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ သတိပြုရမည့်အချက်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေးနည်းလမ်းကောင်းများ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဆင့်(၄)ဆင့်စသည့် ပြည်သူ့ဆက်ဆံရေးနှင့်ပတ်သက်၍လည်းကောင်း၊ လားရှိုးခရိုင်​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က သတင်းမှား/သတင်းမှန် ခွဲခြားသုံးသပ်ရေး၊ လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ မီဒီယာ ပြောင်းလဲရာပုံအဆင့်ဆင့်စသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပို့ချ ပေးခဲ့သည်။

အဆိုပါ ပြည်သူ့ဆက်ဆံရေးသင်တန်းအား (၂၁-၆-၂၀၂၂)ရက်နေ့မှ (၂၇-၆-၂၀၂၂)ရက်နေ့ထိ တစ်ပတ် ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၄) ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး