သထုံ ဇွန် ၂၂
မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူခြင်းနှင့် ငါးသားပေါက်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကြီး ဒေါ်မို့မို့ထွေးဦးဆောင်သည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများတို့မှ လေ့လာရေးခရီးအဖြစ် လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
လာရောက်လေ့လာရာတွင် မွန်ပြည်နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်က ငါးလုပ်ငန်းစခန်း၏ တည်နေရာ၊ စခန်း၌ ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသည့် ငါးအမျိုးအစားများ၊ ယခုနှစ် ထုတ်လုပ်ရန်လျာထားမှုနှင့် ငါးမျိုးစိုက်ထည့်ပေးမှု၊ ငါးလုပ်ငန်းစခန်း၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင်းစဉ် (GAqp Modern Farm) ဆောင်ရွက်ထားရှိမှု၊ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ငါးလုပ်ငန်းသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမင်းမင်းက ရေသယံဇာတထိမ်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ယင်းနောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ပြည်နယ်ငါးလုပ်ငန်းစခန်းမှတာဝန်ရှိသူတို့က ငါးဆေးထိုးသားဖောက်ခြင်း၊ မျိုးငါးကြီးများ ပြုစုစောင့်ရှောက်ခြင်း၊ ငါးသားဖောက်ရုံနှင့် ငါးမှုံငါးသန် ပြုစုထုတ်လုပ်ခြင်း စသည်တို့ကို လက်တွေ့လိုက်လံပြသရာ ဆရာ/ဆရာမများများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၀ ကျော်တို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြပြီး သိလိုသည်တို့ကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
နဒီ (ပြန်/ဆက်)