ဆီဆိုင် ဇွန် ၂၂
အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရင့်သန်လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ အကြောင်းအရင်းများနှင့် ဆုရွေးချယ်မှု စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၆)ဦး တို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မူးဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲအခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်