မုဒုံ ဇွန် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အိတ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ကာကျေးရွာရှိ ကျိုက်မုကလယ် ဓမ္မာရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး မိဝတ်ရည်မွန်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အိမ်တွင်းလက်မှုပညာရပ်များ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။
သင်တန်းတွင် နည်းပြနှစ်ဦးက အိတ်ချုပ်နည်း (၁၀)မျိုးကို ဇွန်လ ၂၂ ရက်နေ့မှစ၍ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျေးရွာရှိ သင်တန်းသူ (၁၅)အား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)