မြစ်ကြီးနား ဇွန် ၂၂
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်) မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနား မြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန့်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွဲဆိုင်းငါးတွဲ၏ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အာရှနဂါး(ကျားဖြူ)နှင့် အောင်မင်းထွန်း (စိန်နန်းတော်) တွဲဆိုင်းမှ အနိုင်ရသည့် အာရှနဂါး(ကျားဖြူ)အား အကောင်းဆုံးကစား သမားဆုတံဆပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တွဲဆိုင်းအလိုက် ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။
မြန့်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) အနေဖြင့် အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲအပြင် လက်ရွေးစင် ကစားသမားဟောင်းများ ပါဝင်သည့် သင်တန်းသားများအား ဇွန် (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ရိုးရာလက်ဝှေ့ဒိုင် အဖြစ်သင်တန်းကို မြစ်ကြီးနားမြို့၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန် ၂၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်