လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

လယ်ဝေး ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိရစ္ဆာန်အစာစိုက်ပျိုး ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကျေးလက် ဒေသများကို မြို့ပြများနှင့်ကွာဟမှုမရှိစေဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်အိမ်ထောင်စုချင်း၊ တစ်ရွာချင်းအလိုက် ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်ဦးချင်းဝင်ငွေ မြင့်မားလာစေရေးတို့အတွက် လူတိုင်းပါဝင်ဆောင်ရွက်နိုင်သည့် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအား ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သော်မှော်ကုန်းကျေးရွာသည် ဘက်စုံစီမံကိန်းများရရှိထားသည့် ကျေးရွာဖြစ်၍ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီပေးမှုများနှင့် ဒေသခံပြည်သူများမှ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျှင် ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ လှမျိုးသန့်က တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက ဦးစီးဌာနအနေဖြင့် သော်မှော်ကုန်းကျေးရွာများတွင် ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် တိရစ္ဆာန်အစာစိုက်ပျိုးထုတ်လုပ် နည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများ၏ နေဗီယာမြက် လက်တွေ့စိုက်ပျိုးနေမှု၊ တိရစ္ဆာန် အစာချဉ်ဖတ် လက်တွေ့ပြုလုပ်နေမှုများအားကြည့်ရှုအားပေး၍ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတက်ရောက်ပြီးသည့် ကျေးရွာသူ၊ ကျေးရွာသားများက ပြန်လည်ရောင်းချလျှက်ရှိသည့် လူသုံးကုန်ပစ္စည်းအား ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)