မြစ်ကြီးနား ဇွန် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောရွှေပြည်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေးနှင့် Booster Dose ထိုးနှံနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက မြစ်ကြီးနား မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ (၆၈) ရာခိုင်နှုန်းခန့်သာ ထိုးနှံပြီးစီးသဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ရုံးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေးနှင့် အသက် (၁၈) နှစ်အထက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး (၆) လပြည့်ပြီးသူတိုင်း Booster Dose ထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ဖြူဖြူသန့်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများနှင့် Booster Dose ထိုးနှံမည့်သူများကို ရပ်ကွက်ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းတော်များနှင့် ဌာနဆိုင်ရာ ရုံးများတွင် ကွင်းဆင်းထိုးနှံပေးသွားမည့် အခြေအနေများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)