ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်ပို့ချ

မိုးညှင်း ဇွန် ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)မှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြဦးက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် ပြည်သူများနှင့် ပြောဆိုဆက်ဆံရေးဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို သင်ကြားပို့ချပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးအဓိပ္ပါယ်၊ ပြည်သူ့ဆက်ဆံရေး၏ လုပ်ငန်းသဘာဝ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအောင်မြင်စေရန် ပြည့်စုံရမည့် အချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းရည်ရွယ်ချက် ပန်းတိုင်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေး၊ ပြဿနာတစ်ရပ်အတွက် အဖြေရှာနည်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့ထင်မြင်ချက် အရေးကြီးမှုနှင့် ဦးစီးဌာန၏ ဝန်ဆောင်မှု အရည်အသွေး စုစုပေါင်း ဘာသာရပ်(၉)မျိုးကို သင်ကြားပို့ချပေးခဲ့သည်။

ထိုသင်တန်းတွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂)အနေဖြင့် သင်တန်းသား သင်တန်းသူ (၇)ဦးတက်ရောက်ကြပြီး ဇူလိုင်လတွင် ကျန်ရှိနေသည့် ဝန်ထမ်းများအား သင်တန်းအမှတ်စဉ် (၂/၂၀၂၂)အဖြစ် ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)မှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)