ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်ဆန် ဇွန် ၂၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက နမ့်ဆန်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် နမ့်ဆန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာထွန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တမျိုးသားလုံး၏ ကာယဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း အားကစားသင်တန်း/ ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကြပြီး အချိန်ကိုအကျိုးရှိ အသုံးချစေလိုပါကြောင်း ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လူငယ်များဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ်"လူငယ်နှင့် စာရိတ္တ" ခေါင်းစဉ်မှ လူတစ်ယောက်အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့ နံပါတ်တစ်အရေးကြီးကြောင်း   ဘယ်လောက်တော်နေပါစေ အကျင့်စာရိတ္တမကောင်းရင် လူတော်တစ်ယောက်တော့ဖြစ်ပြီး လူကောင်းတစ်ယောက်တော့ မဖြစ်လာနိုင်ပါဘူးစသည့် စာရိတ္တကောင်းဖို့ အရေးကြီးကြောင်း တိုင်းပြည်နှင့်လူမျိုး ရေရှည်တည်တံ့ခိုင်မာရေးက နိုင်ငံသားကောင်းလူငယ်များရဲ့ လက်ထဲ မှာရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် စာရိတ္တရဲ့ အခြေခံသဘောတရားကို နားလည်လက်ခံပြီး ကျင့်သုံးတတ်ဖို့အရေးကြီးကြောင်း၊ နိုင်ငံမျိုးဆက်သစ်လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်၍ လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် အကျင့်စာရိတ္တကောင်းမွန်ရေးကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား/သူများအား ကျောင်းသူ(၂)ဦးမှ Fitness Danceအကအား သရုပ်ပြကပြဖျော်ဖြေခဲ့ပြီး ဦးစီးအရာရှိ ဒေါ်မာမာထွန်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြသပေးခဲ့ပြီး သုတ/ရသစာအုပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)