ကျေးသီး ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ၊ ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းခြင်းဖြင့်သင့် အသက်အန္တရာယ်ကိုကာကွယ်ပါ၊ ယာဉ်ကြောပိတ်ဆို့မှုသက်သာစေဖို့၊ ယာဉ်တိုက်မှုဖြစ်လျှင် သတိပြုရမည့်အချက်များ၊ ရှောင်ရန်၊ ဆောင်ရန်များလိုက်နာ ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မိဘနှင့်ဆရာအသင်းနာယက ဆရာကြီးဦးမင်းအောင်မှ ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်မှကင်းလွတ်အောင် ဆိုင်ကယ်စီးလျှင် သတိရှိရန်နှင် လမ်းစည်းကမ်းများလိုက်နာရန် ဆုံးမစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မြတ်မှ လာရောက်ဟောပြောပေးပါသော ဌာနဆိုင်ရာလူကြီးများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲ အခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူ (၂၀၀ ) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ကျေးသီး)