ဟိုပုံး ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျောက္ကချားအခြေခံ ပညာအထက်တန်းကျောင်းနှင့် ကျောက္ကချားကျေးရွာအတွင်း နေအိမ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူပေါင်း၍ ကျောက္ကချား အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက္ကချားကျေးရွာအတွင်းရှိ နေအိမ်များတွင် ခြင်ဆေး ဖျန်းခြင်း၊ ပိုးလောက်လန်းခိုအောင်းနိုင်သည့် ဘုရားပန်းအိုးနှင့် ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)