လှည်းကူး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးကသင်တန်းဆင်း အမှာစကားပြောကြားပြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေးက သင်တန်းသား / သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား / သူ (၁၅) ဦး တက်ရောက်ခဲ့ပြီး မုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာများကို ဇွန်လ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၇) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)