မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မောက်မယ် ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရုံးဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြည်သူများနှင့်အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျင်ဖြစ်တတ်သော အန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင်တွေ့ရသော အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုဟောပြောပြီး“သတင်းစကား” လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါး ပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျုဟာ(၂)ရပ်၊ နည်းဗျုဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုဘက်ပေါင်းစုံမှ တားဆီးကာကွယ်ရေးကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)