ဝေသာလီခေတ် ရှေးဟောင်းကြေးဆီမီးခွပ်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ စစ်တွေမြို့၌ ကျင်းပ

စစ်တွေ ဇွန် ၂၂

သမိုင်းသုတေသီကျောက်စာဝန် ဦးစံရွှေဘု ထိန်းသိမ်းခဲ့သော ဝေသာလီခေတ် ရှေးဟောင်းကြေးဆီမီးခွပ်အား လက်ခံထိန်းသိမ်းခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြတိုက်ပညာရှင် ဦးတင်အောင်စိုး (ညွှန်ကြားရေးမှူး - ငြိမ်း) တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်း၌ ကျင်းပရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေး ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဝေသာလီခေတ်ရှေးဟောင်းကြေးဆီမီးခွပ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြတိုက်ပညာရှင် ဦးတင်အောင်စိုးတို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံရယူပြီး ရခိုင်ယဉ်ကျေးမှုအကအဖွဲ့က ဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်‌တာ အောင်ကျော်မင်းက ယနေ့သည် ကျွန်တော်တို့ ရခိုင် တိုင်းရင်းသားများအတွက်ရော ရခိုင်ပြည်နယ်ကြီးအတွက်ပါ အချိန်ကာလများစွာ ကင်းကွာနေသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု မူလနေရာမှန်ကို ပြန်လည်ရောက်ရှိလာသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဝေသာလီခေတ် ရှေးဟောင်းကြေးဆီမီးခွပ်သည် မိမိတို့အဘိုး၊ အဘွားတို့၏ တန်ဖိုးမဖြတ်နိုင်သော ရခိုင် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း (Rakhine National Heritage) တစ်ခုဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ ထိတွေ့ကိုင်တွယ်လို့ရသည့် ယဉ်ကျေးမှုအမွေအနှစ်နှင့် ထိတွေ့ကိုင်တွယ်လို့မရသည့် ယဉ်ကျေးမှုအမွေအနှစ်ဆိုပြီး နှစ်မျိုးရှိပါကြောင်း၊ ထိုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတို့ရခိုင်လူမျိုးများ၏ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ ရခိုင်မြေပေါ်သို့ ပြန်လည်ရောက်ရှိ လာသည့် ဝေသာလီခေတ်ရှေးဟောင်း ကြေးဆီမီးခွပ်ကို ၁၉၂၀ ခုနှစ် ဝန်းကျင်က ရှေးဟောင်းသုတေသီ ကျောက်စာဝန် ဆရာကြီး ဦးစံရွှေဘုက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆီမီးခွက်ကို နှစ်ကာလကြာမြင့်စွာ သားစဉ် မြေးဆက်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ပြီး ဦးစံရွှေဘု၏ မြေးဖြစ်သူ ဒေါ်ရီရီဇံက မကွယ်လွန်မီ တစ်နှစ်အလိုတွင် တန်ဖိုးရှိသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းကို ရခိုင်ပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများ ကြည့်ရှုလေ့လာနိုင်ရန် ရခိုင်ပြည်နယ်သို့ လွှဲပြောင်းလှူဒါန်းလိုကြောင်း ဆန္ဒရှိသည့်အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြတိုက်ပညာရှင် ဦးတင်အောင်စိုးတို့က ရခိုင်ပြည်နယ် သို့လွှဲပြောင်းပေးအပ် နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုကြောင့် ပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ပြသထားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံက ဂုဏ်ပြုဝမ်းမြောက် အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝေသာလီခေတ်ရှေးဟောင်းကြေး ဆီမီးခွပ်အား ရခိုင်ပြည်နယ်သို့ ပြန်လည်သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက် စကားပြောကြားကာ ဝေသာလီခေတ်ရှေးဟောင်းကြေးဆီမီးခွပ် အလှူရှင်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ထားသော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပြတိုက်ပညာရှင် ဦးတင်အောင်စိုးက အလှူရှင်မိသားစုကိုယ်စား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့က သျှင်ဒိုင်အကဖြင့်လည်းကောင်း၊ မဟာနွယ်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)