ကလောမြို့နယ်၌ အသက်(၂၅)နှစ်အောက်ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ဖိတ်ခေါ်မိုးရာသီကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပ

ကလော ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကားနှင့်ကာယပညာဦးစီးဌာနကြီးမှူးကျင်းပသည့်၂၀၂၂ခုနှစ်၊ အသက်(၂၅)နှစ်အောက်ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ဖိတ်ခေါ်မိုးရာသီကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာရှမ်းပြည်နယ်ဘော်လုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပအိုဝ့်ယဉ်ကျေးမှု့အက၊ ဓနုယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ၍ ဘောလုံးကွင်းကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသက်(၂၅)အောက်အသင်း ၃၉ သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ တစ်ရက်ကိုပြိုင်ပွဲ နှစ်ပွဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကွင်းဖွင့်ပွဲနေ့တွင်ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ရပ်ကွက် ၆ အသင်းက ချောင်နီပေါက်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)