ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ဆီဆိုင် ဇွန် ၂၂

အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား ပန်းချီအနုပညာကို စိတ်ပါဝင်စားပြီး တန်ဖိုးထားတတ်စေရန်၊  မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများသိရှိစေရန်၊ စိတ်ကူးစိတ်သန်းနှင့်ဖန်တီးမှုများ ဆန်းသစ်တီထွင်လာနိုင်စေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကြီးဒဲရယ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ဆေးဝါး ဒို့ရန်သူ၊ ရှောင်လေဝေးဝေး မူးယစ်ဆေးစသည့်ခေါင်းစဉ်များဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဝင်းဇော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးချစ်ရဲနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မူးဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)