ပြည်နယ်/ခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး ဇွန် ၂၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြည်နယ်/ခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်က အမှာစကားပြောကြားရာတွင် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအတွက် မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီအဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ပြည်နယ်အမျိုးသမီးကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့်စပ်လျဉ်းသည့် ရှေ့လုပ်ငန်းစဉ်များကို Power Point ဖြင့်   လည်းကောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသောင်းက လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြရာတင်ပြချက်များအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းပြီး အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးအကြံပြုချက်များအပေါ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)