လုံးဗောင်းတောင်ပေါ်အတက်လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

နောင်တရား ဇွန် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ဗောင်းရေချိုရွာအနီး လုံးဗောင်းဘုရားသို့ တက်ရောက်ဖူးမျှော်သည့် ရပ်ဝေးဘုရားဖူးများ အန္တရာယ်ကင်းစွာ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် လွယ်ဗောင်းကျောင်း ဒကာကျေးရွာခုနှစ်ရွာမှ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လုံးဗောင်းတောင်ပေါ်အတက်လမ်းကို ကွန်ကရစ်လမ်းခင်းလျက်ရှိသည်။

“ကျွန်တော်တို့ လွယ်ဗောင်းဒကာကျေးရွာခုနှစ်ရွာဆိုတာက လုံးဗောင်းဘုရားကို အစွဲပြုပြီး ဗောင်းထီရီးတယင်၊ ဗောင်းထီအွီ၊ ဗောင်းကျောင်ထျာ၊ ဗောင်းမော်ဒုံ၊ ဗောင်းပြူးလောင်း၊ ဗောင်းဆောင်ဖုဲင်၊ ဗောင်းပြုံး ဆိုပြီးကျေးရွာခုနှစ်ရွာမှ လွယ်ဗောင်း ဘုန်းတော်ကြီးကျောင်းဒကာများက ယခုလုံးဗောင်းဘုရားတောင်ပေါ်အတက်လမ်းကို ငွေအား၊ လုပ်အားဒါနတွေနဲ့ ပြင်ပအလှူရှင်များ ထည့်ဝင်လှူဒါန်းငွေနဲ့ ကွန်ကရစ်လမ်းခင်းတာပါ ရပ်ဝေးဘုရားဖူးဧည့်သည်များလာတော့ အန္တရာယ်ကင်းကင်းနဲ့ ဘုရားဖူးစေချင်ပါတယ်ခင်ဗျ” ဟု ဗောင်းထီအွီကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ လုံးဗောင်းဘုရား တည်ထားကိုးကွယ်သည့် တောင်ထိပ်ပေါ်မှ အရှေ့ဘက်၊ အနောက်ဘက် ရူမျှော်ခင်းများ သာယာလှပခြင်း၊ နှစ်စဉ်ဆွမ်းလောင်းပွဲနှင့် ရှေ့ဘိုးဘွားများအစဉ်အဆက် ကိုးကွယ်ခြင်းကြောင့် ယခုအခါ ဒေသခံနှင့် ခရီးသွားဧည့်သည်များ ပိုမိုများပြားလျက်ရှိကြောင်း အဆိုပါ ဒေသခံတစ်ဦးကပြောသည်။

ရပ်ဝေးဧည့်သည်များက နောင်တရားမြို့သို့ လာရောက်လည်ပတ်လျှင် လုံးဗောင်းဘုရားတောင်ပေါ်နှင့် လွယ်ဗောင်းဗုဒ္ဓဥယျာဉ်သို့ လာရောက်လည်ပတ် ဖူးမျော်ကြပြီး ယခင်အချိန်များတွင် ပွင်းလင်းရာသီမှသာတောင်ပေါ်သို့ ကားများတက်ရောက်နိုင်ပြီး ယခုကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးသွားပါက ဆက်နှစ်ရာသီ တောင်ပေါ်သို့ ကားဖြစ် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)