မဘိမ်း ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဘိမ်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှုနှင့်ပတ်သက်၍ မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်မီမီလွင်က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများသုံးစွဲရာတွင် စနစ်တကျသုံးစွဲကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သောကုန်ကျစရိတ်များ ကြိုတင်သုံးစွဲနိုင်ရေးအတွက် ထုတ်ချေးပေးခြင်းဖြစ်ပါကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို တောင်သူများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီသီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ်ချေးငွေများကို မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင်ငွေကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းတို့ဖြင့် ထုတ်ချေး ပေးလျက်ရှိရာ မဘိမ်းမြို့နယ်အတွင်းရှိ နမ့်ပုံးပုံးရပ်ကွက်၊ လဝါကျေးရွာ၊ ခိုတာကျေးရွာနှင့် ကုန်းမခံကျေးရွာများရှိ တောင်သူ ၁၈၀ ဦး၏ လယ်ယာမြေ ၈၉၈ ဧကနှင့် အခြား ၁၅ ဧက၊ စုစုပေါင်း ၉၁၃ ဧကတို့အတွက် ငွေကျပ် ၁၃၆၂၀၀၀၀၀ ကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေး လျက်ရှိကြောင်း မိုးမိတ်မြို့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာထံမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)