ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်စပါးပေးအပ်

မောင်တော ဇွန် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးမျိုးစေ့ ထုတ် တောင်သူများအား မျိုးသန့်စပါးပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်  မြို့နယ်ဦးစီးမှူးရုံးတွင် ပေးအပ် ခဲ့ကြသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်က အမှာစကားပြောကြားပြီး  ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသာကျော်မှ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ကူညီရသည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်း နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က မျိုးသန့် ၊မျိုးကောင်းများအား ပေးအပ်ရာ ကျေးရွာများအလိုက် တောင်သူများက လက်ခံရယူကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဝင် ဦးဦးခင်မောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းမောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မျိုးစေ့ထုတ်တောင်သူ ၃၅ ဦး တက်ရောက်ခဲ့ကြသည်။

မောင်တောခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး လျာထားချက်မှာ (၈၂၃၅)ဧကရှိပြီး မျိုးစေ့ထုတ် လုပ်မည့် ဧက ၈၀ ကို ကျေးရွာပေါင်း  ၄ ရွာ တွင်  ဆင်းသွက်လတ် ၅၅ ဧက  နှင့် ပေါ်ဆန်းရီ ၂၅ ဧက  စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်သွားမည့် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းမောင်၏ ပြောကြားချက်အရ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)