ဟိုပန် ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ မူးယစ်ဆေးဝါး သုံးစွဲမိသော အကြောင်းအရင်းများ၊ သုံးစွဲသူများတွင်ရရှိမည့် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုဆိုးကျိုးအန္တရာယ်များ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟိဏ်းသီရိကျော်က သဘာဝဘေးများဖြစ်သည့် ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးများနှင့် မြေပြိုဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကို ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကာ နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များ ပြသခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို အထက(ဟိုပန်)ကျောင်းနှင့် ရွှေဝါကျေးရွာရှိ အထက(ခွဲ) ကျောင်းတို့တွင်လည်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)