ကျိုင်းတုံ ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျား၊ မ ရေးရာ (Gender)နှင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်(GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးစွာ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် ဦးစီးအရာရှိ ဒေါ်ဇင်ဇင်ခိုင်တို့က ကျား၊ မ ရေးရာ (Gender၊ CEDAW၊ NSPAW)အကြောင်းအရာနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်(GBV)ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကိုကာကွယ်ပေးရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနဝနထမ်းများက ကျား၊ မ ရေးရာဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်များနှင့် အဟာရပြည့်အချိုရည်များကို ကျောင်းသား၊ ကျောင်းသူများအားပေးဝေခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)