နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲ ကျင်းပ

နမ့်စန်(တ) ဇွန် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် အထွေ‌ထွေဗဟုသုတရေးဖြေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က အဖွင့်အမှာစကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး BOOK CLUB အဖွဲ့မှ ဦးလှကြိုင်က ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲကို ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre)တို့တွင် တပြိုင်တည်းကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း ၁၀ ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ နေ့လည် ၁၂နာရီချိန်တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေချစ်မြတ်နိုးသူများအသင်း(BOOK CLUB) အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် အထက်တန်းကျောင်းအုပ်ကြီးများက ကျပန်းစကားပြောပြိုင်ပွဲနှင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ဆုတံဆိပ်နှင့်ဆုငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သူအားလုံးကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)