စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကျင်းပ

စဉ့်ကူး ဇွန် ၂၂

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအားသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ လက်ကမ်းစာစောင်များ၊ ပညာပေးရုပ်ပြများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်နှင့် ပိုစတာများ၊ သရုပ်ဖော်ပန်းချီများ၊ မူးယစ်ဆေးသုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ စိတ်ကြွဆေးအန္တရာယ်မှကင်းဝေးစေရေး သိမှတ်ဖွယ်ရာများအား စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂ ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)