သာစည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း အကျိုးကျေးဇူးများကို တောင်သူများသိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှုလယ်ယာစခန်းသာစည်မြို့မှ Sub-Soiler မြေဆီလွှာထိုးခွဲကိရိယာ လက်တွေ့အသုံး ပြုခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘွဲ့ခြားကျေးရွာကွင်းအမှတ် ၁၇၀၃ ဦးပိုင် အမှတ် ၅၆ တောင်သူဦးကျော်စိုး၏ ဝါစိုက်မည့်မြေငါးဧက၌ ပြုလုပ်ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာနခရိုင် ဦးစီးဌာနမှူးဦးသိန်းထွန်းစံက မြေဆီလွှာထိုးခွဲကိရိယာအသုံးပြုခြင်းဖြင့် ကျစ်လစ်သိပ်သည်းသောမြေလွှာ (Hardpan) များကို ထိုးခွဲနိုင်ခြင်းကြောင့် မြေဆီလွှာအတွင်း ရေကောင်းစွာစိမ့်ဝင်နိုင်ခြင်း၊ ဒုံပေါက်မှုကို ကာကွယ် ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာအတွင်း အမြစ်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကြီးထွား နိုင်ခြင်း၊ ကျစ်လစ်သိပ်သည်းသော မြေလွှာအောက်မှ အစိုဓာတ်အား အပေါ်ယံမြေဆီလွှာမှ အလွယ်တကူစုပ်ယူရရှိနိုင်ခြင်းနှင့် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်လုံလောက်စွာ ရရှိခြင်းကြောင့် အပင်များ ရှင်သန်ကြီးထွားမှုကို ပိုမိုအားကောင်းစေခြင်း စသည်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ခရိုင်ဦးစီးဌာနမှူးနှင့် သာစည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးချမ်းမြဇော်တို့က ရှင်းလင်းဖြေကြားပြီး Sub-Soiler မြေဆီလွှာထိုးခွဲကိရိယာဖြင့် လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲသို့ မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးနှင့် ဒုတိယခရိုင် ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)