တပ်ကုန်းမြို့၌ ကျပန်း၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တပ်ကုန်း ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်း၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် (၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်(၁၀)ဦးနှင့် မူလတန်းအဆင့်ကဗျာရွတ်ဆို ပြိုင်ပွဲတွင်(၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပါဝင်ယှဉ်ပြိုင်သူများအားလုံးကို ဦးစီးအရာရှိနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည် မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသပေးထားသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို ပြိုင်ပွဲများအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

တင်စိုးလွင်