ကျိုင်းတုံမြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်

ကျိုင်းတုံ ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်ပွဲကို ဇွန် ၂၀ ရက် က ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထုက သိမြင်သဘောပေါက်ပြီး နားလည်မှုများ၊ သဘောတူညီမှုများနှင့် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်မှုများကို ရယူရန်နှင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ဆက်ဆံရေးသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ထိတွေ့ဆက်ဆံရာတွင် ပြည်သူ့ဆက်ဆံရေး အခြေခံဖြစ်သည့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကို ကောင်းမွန်ထိရောက်စွာ အသုံးချဆောင်ရွက်ခြင်းဖြင့် ဌာန၏ ပင်မလုပ်ငန်းများကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့  ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား ၂၇ ဦး တက်ရောက်ပြီး ပြည်သူ့ဆက်ဆံရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်း နှင့်သုံးသပ်ဆောင်ရွက်ရမည့် အခြေခံအရပ်ရပ်၊ ပြည်သူ့ဆက်ဆံရေး အခြေခံဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ဝန်ထမ်းနှင့်ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို   ဇွန် လ ၂၀ ရက်မှ ၂၄ ရက်အထိ  ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)