သီပေါမြို့နယ်တွင် ပဲပုတ်အစေ့ထုတ် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ပဲပုတ်မျိုးစေ့များ ထောက်ပံ့ ပေးအပ်

 

သီပေါ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုတ်မျိုးစေ့ထုတ် တောင်သူများနှင့် ပဲပုတ်စံပြကွက် စိုက်တောင်သူ များ အား ပဲပုတ်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးက   ရှမ်းပြည်နယ်အနေဖြင့် ပဲပုတ်သည် အဓိကကျသောသီးနှံဖြစ်၍ မိုးနှောင်း ပဲပုတ် ၁၀ဧက စိုက်ပျိုးရန် သတ်မှတ်လျာ ထားပါ ကြောင်း ထိုမှထွက်ရှိလာသော ပဲပုတ်မျိုးကောင်းမျိုးသန့်များကို တောင်သူများအား စျေးနှုန်း သက်သာစွာဖြင့်   ပြန်လည် ရောင်းချပေးသွားမှာဖြစ်ကြောင်း   စသည်ဖြင့်     အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ပဲပုတ်စိုက်ပျိုးသည့်  တောင်သူများ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဝင်ငွေ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပဲပုတ်မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပဲပုတ်မျိုးစေ့ထုတ်စံပြကွက်ဧက၂၀ စိုက်ပျိုးသော တောင်သူ ၅ဦးကို ပဲပုတ်မျိုးစေ့တစ်ဧကလျှင် (၁)တင်းခွဲနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး  စိုက်ပျိုးနည်းစနစ်များကို  အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။ သီပေါ မြို့နယ်အတွင်းရှိ ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း ၍ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတိုးချဲ့ ဆက်လက်စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)