မော်လမြိုင် ဇွန် ၂၁
မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ပေါကြွယ်ဝသည်နှင့်အညီ ထိုသယံဇာတများကို စနစ်တကျ ထိန်းသိမ်းသွားဖို့ လိုအပ်ကြောင်း၊ ကမ်းရိုးတန်း ဒေသဖြစ်သည်နှင့်အညီ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းများ တိုက်ခတ်ခြင်း၊ ကမ်းပါးပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ခံစားရမှုများ လျော့နည်း သက်သာစေရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရမှာ ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေး ပြည်သူများကို အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆက်စပ်ဌာနများနှင့် တိုးမြှင့်ပြုလုပ်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းနှင့် ကော်မတီ အတွင်းရေးမှူးတို့က တတိယအကြိမ် အစည်းအဝေးသို့ တင်ပြမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေရှင်းလင်း အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်၊၊
ခင်စန်းမြင့်