တာမွေ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက အဆိုပါချောင်းအတွင်းရှိ နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းနှင့် ချောင်းအနီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် ချောင်းအနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မိုးတွင်းကာလအတွင်း၌ မြို့နယ်အတွင်းရှိ နတ်ချောင်း၊ ခုနှစ်ပင်လိမ်ချောင်း၊ မိုးမခချောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ချောင်းနံရံများ ရေတိုက်စားမှုဒဏ်မှ ကင်းဝေးစေရေးအတွက် အထူးအလေး ထားဆောင်ရွက်နေသလို မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်း စဉ်ဆက်မပြတ် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)