မင်္ဂတောင်ညွန့် ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် အမှတ် ၃၄ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်အောင်ထွန်းမှ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်သတိပေး လမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရာမည့်အချက်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့် ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ စသည့်တို့ကို ဟောပြောခဲ့ပြီး၊ ယင်းနောက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေး ရုပ်သံများအား projector ဖြင့်ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူဟိန်း