ကျောက်ဖြူခရိုင်ရုံး Community Centre ၌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ

ကျောက်ဖြူ   ဇွန်  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများအား ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ “ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း”ကို ဖွင့်လှစ်ပို့ချသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးက စာရင်းစစ်ကန့်ကွက်ချက်မရှိစေရေး စီမံဆောင်ရွက်မှုနှင့် ငွေစာရင်းလချုပ်များတွင် သတိပြုရမည့်အချက်များ စသည့်အကြောင်းအရာများအားလည်းကောင်း၊ ရမ်းဗြဲမြို့နယ်ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှ ဌစ-၁၆ မျိုးတွင် သတိပြုရမည့်အချက်များနှင့် ဌစစာရင်းများ လက်တွေ့ရေးသွင်းနည်းများကို Power Point ဖြင့်လည်းကောင်း၊ စာတွေ့လက်တွေ့ပြသပို့ချရာ ကျောက်ဖြူခရိုင်ရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရမ်းဗြဲမြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မာန်အောင်မြို့နယ် ဦးစီးအရာရှိနှင့် အမ်းမြို့နယ် ဦးစီးအရာရှိတို့မှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက် သင်ယူခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဇွန်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချပြီး သင်တန်းသား၊ သင်တန်းသူ (၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း