တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်နှင့်အောက် အမျိုးသား (ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

တောင်ဥက္ကလာပ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား (ဖူဆယ်) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီက တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA (ဖူဆယ်) ဘောလုံး ကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အမှတ်(၁၀)ရပ်ကွက် အသင်းနှင့် အမှတ်(၁၁)ရပ်ကွက်အသင်းတို့က နံနက်ပိုင်း ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ အမှတ် (၁၀) ရပ်ကွက် အသင်းမှ(၈)ဂိုး၊ အမှတ်(၁၁)ရပ်ကွက် အသင်းမှ(၁)ဂိုး ရရှိပြီး အမှတ်(၁၀)ရပ်ကွက်အသင်းမှ အနိုင်ရရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက် (၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၂)သင်းရှိပြီး တစ်နေ့လျှင် ပွဲစဉ် (၂)ပွဲ နှုန်းဖြင့် ဇွန်လ ၂၀ နေ့မှစ၍ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ပထမဆုရရှိသည့်အသင်းကို ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်း၊ တတိယဆု ကျပ်(၂)သိန်း အသီးသီး ချီးမြှင့်ပေးမည့်အပြင် ပွဲစဉ်များအလိုက် အကောင်းဆုံး ကစားသမားဆုအဖြစ် ကျပ်(၂)သောင်းကိုပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)