မလှိုင် ဇွန် ၂၁
မလှိုင်မြို့နယ်၊ လယ်ဗျားကျေးရွာအုပ်စု၊ လယ်ဗျားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းပွဲနှင့် ကော်မတီရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာဓမ္မာရုံတွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုက ၂၀၂၂- ၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းတစ်ခုလျှင် ငွေကျပ်(၁၀၀)သိန်းနှုန်းဖြင့် ကျေးရွာ (၈)ရွာ အကောင်အထည်ဖော်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာထဲတွင် လယ်ဗျားကျေးရွာပါဝင် သည့်အတွက် စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရေးအတွက် မိတ်ဆက်ရှင်းလင်း ဆွေး နွေးခြင်းဖြစ်ပါကြောင်း၊ စီမံကိန်း၏ရည်ရွယ်ချက်များဖြစ်သော ကျေးလက်ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် စသည့်အချက်များကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဌာနဆိုင်ရာအသီးသီးမှ ဆောင်ရွက်နေကြသည့်အပြင် ယခုလိုစီမံကိန်းအကျုံးဝင်သည့် ကျေးရွာအဖြစ် ရွေးချယ်ခံရသည့်အတွက် ပြည်သူများနှင့်အတူ ဝမ်းသာပီတဖြစ်ရပါကြောင်း၊ စီမံ ကိန်းအောင်မြင်စေရေးအတွက် ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါ သည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများမှ အစုအဖွဲ့(၇)ဖွဲ့ စုဖွဲ့၍ စီမံကိန်းကြီးကြပ်ရေး ကော်မတီ(၁၁)ဦးအား အတည်ပြု၍ ခွင့်ပြုငွေကျပ် (၁၀၀)သိန်းအပြင် ပြည်သူလူထုထည့်ငွေကျပ် (၁၈၅)သိန်း၊ စုစုပေါင်းငွေကျပ်(၂၈၅)သိန်းဖြင့် အလျား(၁၀၅၆)ပေ၊ အနံ(၁၂)ပေ၊ ထု(၆)လက်မ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ပြီး လယ်ဗျားကျေးရွာ အိမ်ခြေ(၁၄၉)အိမ်၊ အိမ်ထောင်စု(၁၇၅)စု၊ လူဦးရေ(၁၀၁၅)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)