လားရှိုး ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဋ္ဌာန Community Centre တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့် လားရှိုးမြို့ မြို့နယ်စာရေး ဆရာအသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ(ကောင်းညွန့်ဝေ-ရေစကြို)က လူငယ်များ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က လူငယ်နှင့် မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုး လူထုအခြေပြုဗဟိုဋ္ဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေးဟောပြောပေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသော Green Light ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ခင်းကျင်း ပြသထားသော နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး