ခရမ်း စက်တင်ဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၀၄) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ခရမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နဲ့ အမှတ်(၂)တို့မှာ လျာထားမဲရုံ(၂၀၄)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၂၀၄)ဦးကို ခန့်အပ်သွားမှာပါ၊ အထူးရဲတွေအနေနဲ့ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက်မဲရုံ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ မဲမပေး နိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်(၅၀၀)အတွင်း အသံချဲစက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်း များဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု” မြို့မရဲစခန်းထံမှ သိရသည်။
အဆိုပါ အထူးရဲများကို ၂၀၂၀ ပြည်နှစ်အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့ အထိ ရက်ပေါင်း (၄၆) ရက်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)