ကျိုက်ထို ဇွန် ၂၁
ကျိုက်ထိုမြို့၏ဂုဏ်သရေဆောင်ဆု တောင်းပြည့်ရွှေဘုံသာဝင်းအတွင်း ရှေးဟောင်းစေတီတော်(၄၇)ဆူအနက် ဉာဏ်တော်အမြင့်(၂၇)တောင်ရှိ စေတီတော်တစ်ဆူအား သာသနာတော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်ကျော် ၈ ရက် ဇွန်၂၁ ရက်နံနက် ၈ နာရီတွင် အလှူရှင် ဦးမြင့်သိန်း + ဒေါ်ခင်လှ (စက်သုံးဆီနှင့်ဆန်ရောင်းဝယ်ရေး) မိသားစုမှ မူလအလှူရှင်များအား ရည်စူးအမှူးထား၍ အသစ်မွန်းမံပြုပြင်၍ ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မြို့မရမ်းချို အောင်သစ္စာပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသဘိဝံသ (၁၁)ဘွဲ့ရ ဆရာတော်မှ(၉)ပါးသီလ ချီးမြှင့်ပြီး အနုမောဒနာတရား ဟောကြားကာ ပရိတ်တရားတော်များ ချီးမြှင့်၍လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက်အလှူရှင်မိသားစုများမှ ရွှေထီးတော်အား ဗောဓိကိုးထောင်အောင် သပြေကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပဏ္ဏိစ္စနှင့် မြို့မရမ်းချိုအောင်သစ္စာကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနန္ဒောဘာသဘိဝံသ (၁၁)ဘွဲ့ရဆရာတော်တို့ထံ ကပ်လှူပြီး ဆရာတော်များထံမှ ပြန်လည်ပင့်ဆောင်ကာ စေတီတော်အား လင်္ကျာရစ်(၃)ပတ်လှည့်လည် အပူဇော်ခံ၍ ယာယီစံကျောင်းတွင် ခေတ္တအပူဇော်ခံခဲ့သည်။
ဆက်လက်ပြီးရွှေထီးတော်အား လက်ဆင့်ကမ်းသယ်ဆောင်ကာတင်လှူ ပူဇော်ခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များက စေတီတော်အား ဘုရားအနေကဇာတင်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရွှေထီးတော်တင်လှူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါထီးတော်တင် အခမ်းအနားသို့ ဗောဓိကိုးထောင် အောင်သပြေကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပဏ္ဏိစ္စ၊ မြို့မရမ်းချို အောင်သစ္စာကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနန္ဒောဘာသဘိဝံသ(၁၁)ဘွဲ့ရ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့၀င်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)