တံတား ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များ နှင့် ( Women Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ မောင်ရင့်ကျူးရေးသားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှု ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Women Club) အဖွဲ့ဝင် ဒေါ်သန်းသန်းအေးမှ “မြန်မာ့ယဉ်ကျေးမှုအမွေ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေများရှိကြကြောင်း၊ နိုင်ငံတစ်နိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် ထိုနိုင်ငံရှိ လူမျိုးတို့၏ သမိုင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ သမိုင်းဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ ထိုရှေးဟောင်း အမွေအနှစ်များသည် မြန်မာလူမျိုးတို့၏တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်မှာ ပြည်သူတစ်ရပ်လုံး၏ တာဝန်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊ မပပျောက်စေရန် ပူးပေါင်းလျက် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီးနောက် (Women Club) အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးမှ “လူငယ်များ စိတ်ယဉ်ကျေးမှု မြင့်မားစေရန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်ဝါဝါထွန်းမှ ဖြည့်စွက်ဆွေးနွေးခြင်းဖြင့်လည်းကောင်း အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင်(တံတား)