ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ဒလ ဇွန် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ၊ ဆေးရောင်းခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒလမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာကြည့်တိုက်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ဒလမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်းရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ် တစ်ခုဖြစ်တာကြောင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိ နားလည်ရှောင်ရှားတတ်စေရန်၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးစွဲစေသည့် အဓိက အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်များ ပြုလုပ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများနှင့်အမှတ်ရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြသည်။

သီတာဝင်း