မူဆယ် ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့ နမ့်ခွန်ကျေးရွာဘုန်းကြီးကျောင်း၌ ယမန်နေ့ ၅း၃၀ နာရီအချိန်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ခရိုင်အဆင့်ကော်မတီဖွဲ့စည်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးပြုလုပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဝင့်က အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးလှထွန်းက ဖွဲ့စည်းခြင်းပြုလုပ်ရာတွင် လူမှုကူညီရေးအသင်းအဖွဲ့ နည်းဥပဒေအရ ပြုလုပ် သွားရန်နှင့်အဓိက ပြည်သူများအတွက်ဖြစ်ရန်၊ အတွေ့အကြုံကောင်းအရည်အချင်းပြည့်ဝသူများကို ရွေးချယ်တင် မြှောက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လှိုင်ဝင်းမှ “ကျွန်တော်တို့သိလာရတဲ့ပညာရပ်တွေက မူဆယ်ဒေသမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်လာတာကို သိရှိလာပါတယ်၊ မူဆယ်မှာမတော်တဆမှုများ ဖြစ်ပါက၊ ကျန်းမာရေးအရသော်လည်းကောင်း အဖက်ဖက်က ကျွန်တော်တို့ လူမှုကူညီရေးအသင်း အနေဖြင့် ရှေးဦးသူနာပြုနည်းစနစ်ဖြင့် လူ့အသက်ကိုကယ်ဆယ်ရမှာဖြစ်ကြောင်း၊ ပရဟိတစိတ်ဖြင့် ဝတ္တရားတာဝန်သိတတ်ဖို့လိုကြောင်း” ပြောကြားခဲ့သည်။ ယင်းနောက် ယခင်၂၀၁၇ က ဖွဲ့စည်း ထားသည့်ခရိုင်အဆင့် လူမှုကူညီရေးအသင်း MR အားဖျက်သိမ်းကြောင်းကြေငြာခဲ့ပြီး တက်ရောက်လာသော သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မှလူမှုကူညီရေး ပရဟိတအသင်းများ၏ တစ်ဦးချင်းအကြံပြုချက်များအား ရယူကာနယက ၅ဦးနှင့်အလုပ်အမှုဆောင် ၁၅ ဦးဖြင့် အတည်ပြုရွေးချယ်ခဲ့သည်။ ယင်းအစည်းအဝေးကို မူဆယ်ရပ်ဝန်းပရဟိတအသင်းခေါင်းဆောင်နှင့် တက်ရောက်သူစုစုပေါင်း (၃၃)ဦးရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)