ခရမ်း စက်တင်ဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အားအများ ပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ည (၁၂)မှ နောက်တစ်နေ့နံနက် (၄) နာရီအချိန်ထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် ရပ်ကွက်/ကျေးရွာများအတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ပြီးနောက် ညမထွက်ရအမိန့် ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၎င်း ညမထွက်ရအမိန့်သည် အများပြည်သူအကျိုးငှာ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျ စွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)