ရပ်စောက် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ စာအုပ်စာပေများအား မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းစုပေါင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် အတွေးအခေါ်များမျှဝေ၍ စာပေမှရရှိသော အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးသက်ဝေက စာရေးဆရာ အောင်သင်းရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်မှ ဆုတောင်းခြင်းနှင့် ဆုပန်ခြင်း၊ ဦးတည်ရမည့် ပစ်မှတ်၊ ဝါသနာပါသော်လည်း ကံပါဦးမှ၊ တစ်ခုမပေးဘဲတစ်ခုမရတဲ့ လူ့ဘဝ၊ လူကြီးတွေရဲ့နှလုံးသား စသည့်ခေါင်းစဉ်များ၌ ပါရှိသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)