နမ့်စန်(တ) ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဋ္ဌာန၏ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်စန်မြို့ အထွက် ဘက် နမ့်စန်-ခိုလန် ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြား၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် တို့ကပျိုးပင်များပေးအပ်ခဲ့ရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် မက်မွန်မုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလုံးဩတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် ညီညီဝင်း၊ လွိုင်လင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် ဋ္ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေများ၊ သစ်တောဦးစီးဋ္ဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား (၅၅၀)ဦးခန့်က ခါတော်မှီ၊ ချယ်ရီ၊ စိန်ပန်းနီ၊ ယူကလစ်နှင့် ရေသင်းဝင် ပျိုးပင် စုစုပေါင်း (၆၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)